about me

မင်္ဂလာပါ

ကျနော်က ရှမ်းပြည်နယ်တောင်ပိုင်းဖွား တိုင်းရင်းသားတစ်ယောက်ပါ။ တက္ကသိုလ်ဝင်တန်းကို ၂၀၀၁ ခုနှစ်မှာ အောင်မြင်ခဲ့၊ စီးပွားရေးအထူးပြုနဲ့ မန္ထလေးအဝေးသင်တက္ကသိုလ် (တောင်ကြီးဌာနခွဲ) မှာ သင်ယူလေ့လာခဲ့ပါတယ်။ ဒါပေမယ့် တတိယနှစ်(အဲတုန်းက နောက်ဆုံးနှစ်) မအောင်တာကြောင့် ဆက်မတက်ဖြစ်လို့ ဘွဲ့တော့ မရလိုက်ဘူး။

ကော်မတီခန့် အလယ်တန်းပြ ကျောင်းဆရာအနေနဲ့ နှစ်နှစ်လုပ်ဖူးသလို ဝါသနာအရ အပြင်မှာလည်း အထက်တန်းအဆင့် စာသင်စာကျက်ဝိုင်း နှစ်နှစ်လုပ်ဖူးခဲ့ပါတယ်။ ခုတော့ စာသင်တာအစား စာရေးတာ၊ ကွန်ပျူတာစာစီပြီး လိုင်းပေါ်တင်ပေးတာတွေကို ဝါသနာနဲ့စာ အစဉ်ထိတွေ့ဖြစ်ဖို့ ဆက်လုပ်ဖြစ်နေပါတယ်။ ဝါသနာက စာဖတ်တာ၊ စာရေးတာအပြင် coding လေ့လာတာတွေ၊ ဘာသာရပ်တစ်ခုခုလေ့လာတာတွေကို စိတ်ဝင်စားပါတယ်၊ ခုလည်း စက်ဘီးစီးတာ လုပ်ဖြစ်တယ်။ အိုင်တီဘက်မှာလည်း စိတ်ဝင်စားတဲ့အတွက် ဝက်ဘ်ဆိုက်လေးတစ်ခု အပျော်တမ်းလုပ်ထားဖြစ်တယ်။

အလုပ်အကိုင်အနေနဲ့က ဒီတစ်နှစ် နှစ်နှစ်အတွင်း တောင်ယာစိုက်တာ ပြန်လုပ်ဖြစ်နေတယ်၊ တောင်သူ ယာလုပ် မိဘကနေ မွေးလာသူဆိုတော့ တက္ကသိုလ်ဝင်တန်း ပြီးကတည်းက ခြံစိုက်ခဲ့ဖူးတယ်။ ပန်းထိမ်မှာ သုံးနှစ်ထက်မနည်း လုပ်ဖူး၊ ထိတွေ့လေ့လာဖူးတယ်။ ဈေးရောင်းတဲ့အလုပ်ကိုလည်း စိတ်ဝင်စားပေမယ့် ကျနော် ကိုးနှစ်သားအရွယ်လောက်မှာ ဘယ်ဘက်နား ပင်းသွားခဲ့တာကြောင့် အဆင်မပြေပါဘူး၊ ညာဘက်နားက ကောင်းပေမယ့် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အတွေးများလာသူ၊ အတွေးကမ္ဘာထဲမှာ နှစ်နေတတ်သူဖြစ်လို့ အခက်အခဲကြုံရတာကြောင့်လည်းပါတယ်။

ကျနော်က မိဿရာသီ (Aries) ဖွားတစ်ယောက်ဖြစ်ပါတယ်။
ကျနော်ရဲ့ Facebook အကောင့်
Email လိပ်စာ
khumgong@yahoo.com