hp laptops စီးရီးများ
Hewlett Packard ဒါမှမဟုတ် HP ဆိုတာ US အခြေစိုက် IT ဆိုင်ရာ hardware (အမာထည်) ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေထဲက တစ်ခုပါ။ ကွန်ပျူတာ၊ ကွန်ပျူတာအပိုပစ္စည်း၊ ပရင်တာ၊ တက်ဘလက်နဲ့ တခြားကိရိယာတွေ ထုတ်လုပ်ပါတယ်။ အဲဒီထဲမှာ ရေပန်းစား ပေါ်ပြူလာဖြစ်တဲ့ ထုတ်ကုန်တစ်မျိုးက hp laptops တွေဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာအတွင်း လက်တော့ပ်စီးရီး အမျိုးအစားစုံ ထုတ်လုပ်လာခဲ့ပါတယ်။ hp လက်တော့ပ် စီးရီးတစ်မျိုးချင်းစီဟာ သက်ဆိုင်ရာ အသုံးပြုသူ ပရိတ်သတ်တွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထုတ်လုပ်ထားပါတယ်။ ထူးထူးခြားခြား ပစ္စည်းထည့်မထားတဲ့ လက်တော့ပ်၊ သီးသန့် ဂရက်ဖစ်ကဒ်
ပါရှိတဲ့ လက်တော့ပ်၊ ဂိမ်းဆော့ဖို့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိ လက်တော့ပ် စတာတွေလိုချင်ရင် သင့်အတွက် hp လက်တော့ပ် စီးရီးတစ်ခုရှိနေပါတယ်။ စီးရီးတစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ လက်တော့ပ်မိုဒယ်တွေ ရှိတယ်။
တကယ်လို့ သင်က hp laptop တစ်လုံးဝယ်ဖို့ လုပ်နေတယ်ဆိုရင် အသုံးပြုမယ့် ရည်ရွယ်ချက်၊ လုပ်ငန်းလိုအပ်ချက်နဲ့ သဟဇာတဖြစ်မယ့် လက်တော့ပ်အမျိုးအစားကို ရွေးချယ်ဖို့ ဒီဆောင်းပါးက အထောက်အကူပြုမှာပါ။
လက်တော့ပ်စီးရီးတွေ၊ စီးရီးတစ်မျိုးနဲ့တစ်မျိုး ကွဲပြားခြားနားချက်တွေအကြောင်းမပြောခင် HP Computer model နံပါတ် ဘယ်လိုဖတ်ရမယ်၊ ဘာကိုဆိုလိုတယ် စတာတွေကို သိထားဖို့ အရေးကြီးပါတယ်။
HP Laptop model နံပါတ်တွေကို နားလည်သိရှိဖို့
Laptop ထုတ်လုပ်သူတွေဟာ သူတို့ထုတ်ကုန် အဓိပ္ပါယ်ရှိနေစေဖို့ ကွန်ပျူတာတွေကို နာမည်ပေးထားတတ်ကြတယ်။ မိုဒယ်တွေဟာ မမြင်လွယ်တဲ့ လက်တော့ပ်အကြောင်း သတင်းအချက်အလက်တွေကို ပေါ်လွင်စေမယ့် အက္ခရာနဲ့ ကိန်းဂဏန်းတွေကို ပေါင်းစပ်ဖော်ပြပေးလေ့ ရှိပါတယ်။
HP Laptop model အများစုဟာဆိုရင် ဂဏန်းနှစ်လုံးပါ ကိန်းနဲ့ စတတ်ပါတယ်။ "13", "15", "17" လိုမျိုး ကိန်းဂဏန်းတွေဖြစ်ပြီး အဲဒါတွေက လက်တော့ပ်ရဲ့ စခရင်အရွယ်အစား မျက်နှာပြင်အကျယ်ကို ဖော်ဆောင်ပါတယ်။ ဥပမာ "HP laptop 17t-cn200" ဆိုတာ စခရင်အရွယ်အစား ၁၇.၃ လက်မရှိတဲ့လက်တော့ပ်ကို ပြောချင်တာပါ။ နောက်ထပ်သတိထားကြည့်ရမှာက screen size နဲ့ကပ်ရက် အက္ခရာဖြစ်ပါတယ်။ တချို့မိုဒယ်တွေမှာ ဒီအက္ခရာ ပျောက်နေတတ်တယ်။ ပါခဲ့ရင် "t" ဒါမှမဟုတ် "z" ဖြစ်ပါမယ်။ t ဆိုရင် လက်တော့ပ်ထဲမှာ Intel processor သုံးထားပြီး z ဖြစ်ရင် AMD processor ကိုသုံးထားတဲ့ မိုဒယ်ဖြစ်ပါတယ်။ ပိုပြီးရှေးကျတဲ့ HP model တွေမှာ ပရိုဆက်ဆာ ထုတ်လုပ်သူတွေကို "TU" နဲ့ "TF" နောက်ဆက်စာလုံးတွေနဲ့ မှတ်သားတယ်။ Intel processor သုံးထားရင် TU, AMD ပရိုဆက်ဆာသုံးထားရင် TF ဆိုပြီး ရေးထားပါတယ်။
14em0047nr ဆိုတဲ့မိုဒယ်နဲ့ HP laptop မှာပါတဲ့ အလယ်စာလုံး "em0047" က အဓိပ္ပါယ်ရယ်လို့ သီးသန့်မရှိပါဘူး၊ HP ထုတ် တခြားမိုဒယ်တွေနဲ့ နာမည်မတူဖို့ ထည့်ထားတဲ့ဟာတွေပါ။ ဒါပေမယ့် နောက်ဆုံးနားက နောက်ဆက်စာလုံးနှစ်လုံးက ဆိုလိုရင်းအဓိပ္ပါယ်ရှိတယ်။ nr ဆိုတာက No Rebate ရဲ့ အတိုကောက်စာလုံးပါ။ cl ဆိုရင် Club Model ဖြစ်ပြီး အချို့သော Club ကနေပဲ ဝယ်ယူရရှိနိုင်မှာပါ။ wm က Walmart Model ဖြစ်ပြီး dx ကတော့ BestBuy Model ပါ။ ဒါတွေအပြင် တခြားနောက်ဆက်စာလုံးတွေကိုလည်း မြင်ရနိုင်ပါတယ်။ အဲဒါတွေက လက်တော့ပ်ရောင်းချပေးတဲ့ အရပ်ဒေသကို ရည်ညွန်းတာနေမယ်။
HP Pavilion
HP Pavilion ဆိုတာ စီးရီးတွေရဲ့ ပထမအသုတ် ကွန်ပျူတာကို စတင်ထုတ်လုပ်ချိန်ဖြစ်တဲ့ ၁၉၉၅ ခုနှစ်မှာ ပေါ်ထွက်လာခဲ့တဲ့ စီးရီးပါ။ ဒီစီးရီးမှာ Desktop ရော Laptop ပါ ပါဝင်ပါတယ်။ သာမန်အိမ်သုံး ရုံးသုံးအတွက် ဦးတည်ထုတ်လုပ်ထားတာပါ။ အဲဒီကနေမှ စီးရီးအခွဲတွေ အတော်များများ ဆက်ထုတ်ခဲ့တယ်။ ဒီလက်တော့ပ်တွေထဲက တချို့စီးရီးတွေမှာ အစွမ်းထက်တဲ့ ပရိုဆက်ဆာ၊ ကောင်းမွန်လှတဲ့ ရုပ်ထင်ကားချပ် display ပါဝင်ပါတယ်။ တချို့မိုဒယ်တွေမှာ အထူးကောင်းမွန်တဲ့ အသံစနစ်တွေ ထည့်ထားလိုက်သေးတယ်။ ဒီအချက်တွေကြောင့်ပဲ ဗွီဒီယိုကြည့်ဖို့နဲ့ တေးဂီတ နားဆင်ဖို့ရန် ပြီးပြည့်စုံတဲ့ ခံစားမှုကို ပေးစွမ်းတာဖြစ်ပါတယ်။
Pavilion Laptop တွေမှာလည်း အသုံးပြုထားတဲ့ ပရိုဆက်ဆာ၊ မိုဒယ်အမည်၊ တိုင်းပြည်ရဲ့ ကုဒ်နံပါတ်လို အထူးအချက်အလက် နောက်ဆက်စာလုံး စတာတွေပါတဲ့ နာမည်ပေးထားပါတယ်။ HP Pavilion မှာပါတဲ့ နောက်ဆက်စာလုံး ဖြစ်နိုင်ခြေတွေကို အောက်က ဇယားမှာ
ဖော်ပြပေးထားပါတယ်။
Suffix | Description |
---|---|
sb | Small Businesses |
se | Special Edition |
qe | Quad Edition |
y | CTO - Configure To Order |
us | United States |
ca | Canada |
br | Brazil |
la | Latin America |
ap | Asian Pacific |
au/ax | Asia/australia |
ea/eo/sa/na | Eastern & Western Europe |
qr | Russia |
HP Spectre
HP Spectre စီးရီး လက်တော့ပ်တွေဟာ တန်းမြင့် high-end တွေဖြစ်ပြီး ဈေးကြီးတဲ့ လက်တော့ပ်အမျိုးအစားဖြစ်ပါတယ်။ အရင်းအမြစ် အသုံးကြမ်းတဲ့ အလုပ်တွေလုပ်ဖို့လိုတဲ့ ပရိုဖက်ရှင်နယ်သမားတွေ၊ အမြင်တင့်တယ်ပြီး ချောချောမွေ့မွေ့ အလုပ်လုပ်လိုတဲ့ စီးပွးရေးသမားတွေအတွက် ရည်ရွယ်ထုတ်လုပ်တာပါ။
Spectre series ရဲ့အားသာချက်က ခေါက်သိမ်းပြီး တက်ဘလက်တစ်လုံးအဖြစ် သုံးနိုင်တဲ့၊ ထိတွေ့မျက်နှာပြင်စနစ်ပါတဲ့ "x360" အမျိုးအစား လက်တော့ပ်တွေ ဖြစ်နေတာပါ။ HP Spectre ရဲ့မျက်နှာပြင်အကျယ်က ၁၃.၅ လက်မကနေ ၁၆ လက်မအထိ အမျိုးမျိုးရှိပါတယ်။ အချက်အလက် သိုလှောင်သိမ်းထားဖို့ 256 GB ကနေ 4 TB အထိရှိတဲ့ storage spaces ရယ် RAM ပမာဏကို 64 GB ရနိုင်တာတွေရယ်ဆိုပြီးရှိတယ်။ ခက်တာက ဒီ HP Spectre line ကို ဆက်မထုတ်တော့တာပါ။ ဒါကြောင့် လိုချင်ရင် တစ်ပတ်ရစ် HP Spectre တွေကိုပဲ ကိုင်ခွင့်ရပါလိမ့်မယ်။
HP ENVY
HP Pavilion စီးရီးတွေလို ENVY (အကုန် အက္ခရာစာလုံးအကြီးနဲ့) တွေမှာလည်း X360, 13, 14, 15, 16, 17 လိုမျိုး စီးရီးအခွဲတွေရှိတယ်။ သိတဲ့အတိုင်း စီးရီးအခွဲ စာလုံးတွေဟာ လက်တော့ပ် မျက်နှာပြင်အရွယ်အစားအရ အမျိုးအစားခွဲခြားထားတာ ဖြစ်ပါတယ်။ တချို့ ENVY စီးရီးအခွဲတွေကို ထပ်မံထုတ်လုပ်ခြင်း မပြုတော့ပါဘူး။
HP ENVY လက်တော့ပ်စီးရီးကို CPU အသုံးကြမ်းတဲ့ အလုပ်တွေလုပ်ပေးနိုင်ဖို့၊ ဘက်ထရီသက်တမ်း ကြာရှည်ခံဖို့၊ သယ်ဆောင်ရလွယ်ကူစေဖို့ အပါအဝင် အရွေ့အပြောင်းလုပ်ဖို့လိုတဲ့ သုံးစွဲသူတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ စခရင် အရွယ်စုံ၊ နာရီ ၂၀ ကြာ ခံတဲ့ ဘက်ထရီသက်တမ်း၊ ထိတွေ့မျက်နှာပြင် touchscreen စနစ်ပါတာ ရွေးချယ်ခွင့်နဲ့ အစွမ်းထက်တဲ့ CPU ထည့်ပေးထားတာကြောင့် ENVY စီးရီးဟာ အကန့်အသတ်မရှိ ပြီးပြည့်စုံပါတယ်။
HP EliteBook
၂၀၀၈ ခုနှစ်မှာ စတင်ဈေးကွက်တင်လာခဲ့တဲ့ HP EliteBook ဟာဆိုရင် အချိန်ကြာလာတာနဲ့အမျှ အရေးပါတဲ့ တိုးတက်ပြောင်းလဲလာမှုတွေကို တွေ့မြင်နေရပါတယ်။ EliteBook ဟာ လုပ်ဆောင်နိုင်စွမ်း၊ ယုံကြည်စိတ်ချရမှုနဲ့ ချိတ်ဆက်နိုင်မှု စွမ်းပကားတွေကို ဦးစားပေးတဲ့ စီးပွားရေးလုပ်ဆောင်ဖို့ ပေါ်ထွက်လာတဲ့ စီးရီးဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတာက တေရသမမျိုးဆက် (13th generation) HP EliteBook 860 G9 မိုဒယ်ပါ။
EliteBook ဟာ ၎င်းရဲ့ တန်းမြင့်တွက်ချက်လုပ်ဆောင်နိုင်စွမ်း high-end processing capabilities ကြောင့် ထင်ရှားပါတယ်။ အစွမ်းထက်တဲ့ 13th-generation processor တွေကို ကျေးဇူးတင်ရမယ်။ တချို့ high-end EliteBook မိုဒယ်တွေဟာ မီမိုရီကို 64 GB အထိ support လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လို့ အဲဒါတွေဟာ ဈေးနုန်းကြီးမြင့်နေမှာပါ။
EliteBook ရဲ့ စီးရီးအခွဲတစ်ခုဖြစ်တဲ့ HP Elite ဆိုတာလည်း ရှိသေးတယ်။

HP Chromebook
မြင်သာတာက Chromebook ဆိုတာ ဂူးဂဲရဲ့ စက်လည်ပတ်မှုစနစ်တစ်ခုဖြစ်တဲ့ ChromeOS နဲ့စက်လည်ပတ်တဲ့ ကွန်ပျူတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် HP ရဲ့ Chromebook တွေဆိုတာက သီးခြားလက်တော့ပ်စီးရီးတစ်ခု၊ HP လက်တော့ပ်စီးရီးတွေထဲက စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ သင့်တွင် "HP Chromebook X360 14b-cb0097nr" ဆိုတဲ့ Chromebook series ဝင် Chromebook လက်တော့ပ်တစ်လုံးရှိမယ်။ ပြီးတော့ ChromeOS တင်ထားတဲ့ ELite စီးရီးဝင် HP Elite c640 G3 Chromebook လက်တော့ပ်တစ်လုံးလည်းရှိတယ် ဆိုတာမျိုးပါ။
Chromebook တွေက ChromeOS နဲ့လည်ပတ်တာဖြစ်တဲ့အတွက်ကြောင့် အရင်းအမြစ်အသုံးကြမ်းတဲ့ အလုပ်တွေမှာ အသုံးပြုလို့ မရပါဘူး။ ဝက်ဘ်ဆိုက်မှာ ရှာဖွေရေးလုပ်တာ၊ အီးမေးလ်စစ်တာ၊ ပြက္ခဒိန်အချိန်ဇယား စီမံတာလို နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဖို့အတွက် မြန်ဆန်ထိရောက်ပြီး သက်တောင့်သက်သာဖြစ်အောင် Chromebook တွေက လုပ်ဆောင်ပေးပါတယ်။ Storage က cloud စနစ်နဲ့ သိမ်းဆည်းတာဖြစ်လို့ Chromebook တွေဟာ storage space အလွန်နည်းပါးတဲ့အပြင် memory ရွေးချယ်ခွင့်ကိုလည်း ကန့်သတ်ထားပါသေးတယ်။
အဲဒါကြောင့် Chromebook တွေဟာ ဈေးပိုသက်သာတာ၊ အလွန်ပေါ့ပါးတာ၊ သယ်ဆောင်ရလွယ်ကူတာ (တချို့ချွင်းချက်လည်းရှိ) တွေကို တွေ့ရမှာပါ။ Chromebook တွေဟာ မျက်နှာပြင်အကျယ် ၁၁၊ ၁၃၊ ၁၄၊ ၁၅ လက်မတွေနဲ့ လာပါတယ်။ နောက်တစ်ချက်က Core i7 ဒါမှမဟုတ် AMD Ryzen 7 လိုမျိုး top-end processor တွေကို support မပေးပါဘူး။
Chromebook အားလုံးဟာ အာရုံကျ စွဲမက်စရာမရှိဘူးလို့ မဆိုလိုပါ။ အချို့သော မိုဒယ်တွေမှာ ထိတွေ့မျက်နှာပြင်စနစ် touchscreen ပါပြီး နည်းလမ်းနှစ်မျိုးနဲ့ အသုံးပြုလို့ ရပါတယ်။ ဘတ်ဂျက်ချွေတာသုံးနေရတဲ့သူတွေအဖို့တော့ HP Chromebook တွေက ရွေးချယ်သင့်တဲ့ လက်တော့ပ်ဖြစ်ပါတယ်။
HP Probook
HP Probook စီးရီးတွေကတော့ စွမ်းဆောင်ရည်ပိုင်းမှာရော ဈေးနုန်းအရပါ EliteBook စီးရီးတွေရဲ့ အောက်မှာ ရှိနေပါတယ်။ Business အတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားပြီး စွမ်းဆောင်ရည်နဲ့ ထိရောက်မှုရှိစေမယ့် ကွန်ပျူတာ ဟာဒ်ဝဲတွေကို အသုံးပြုပေးထားတာပါ။ Probook စီးရီးတွေဟာ HP ဘိုင်အိုစဖီးယား နည်းပညာနဲ့ HP Touchpoint Manager ပါဝင်တာကြောင့် ထိရှလွယ်တဲ့ ဒေတာတွေကို ကွန်ပျူတာထဲ ထည့်သိမ်းထားလေ့ရှိသူတွေအတွက် ပြီးပြည့်စုံစေမယ့် ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။
ProBook တွေဟာ ၁၄ လက်မ၊ ၁၅.၆ လက်မရှိတဲ့ screen size တွေနဲ့ လာပြီး ထိရောက်မှုရှိတဲ့ cores တွေပါဝင်တဲ့ နောက်ဆုံးပေါ် ပရိုဆက်ဆာတွေကို ထည့်ပေးထားပါတယ်။ ကော်ပိုရိတ် လုပ်ငန်းကိစ္စရပ်တွေနဲ့ အဆင်ပြေစေမယ့် လိုအပ်တဲ့ အသုံးချဆော့ဖ်ဝဲတွေ ထည့်သွင်းပေးထားသလို ဘက်ထရီကလည်း ၆ နာရီကနေ ၁၂ နာရီကြာအထိ အသုံးခံပါတယ်။
Probook လက်တော့ပ်တွေကို နေ့တဓူဝ မတော်တဆအဖြစ်တွေကို ခံနိုင်ရည်ရှိဖို့ HP ရဲ့ ကာကွယ်ရေးစနစ်ဖြစ်တဲ့ MIL - STD 810G military-grade certification နဲ့အညီ တည်ဆောက်ထားပြီး ကီးဘုတ်ပေါ် အရည်ဖိတ်စင်ကျဒဏ်ကိုပါ ခံနိုင်ရည်ရှိစေပါတယ်။
HP ZBook
HP ZBook လက်တော့ပ်စီးရီးကတော့ လုပ်ငန်းသုံး mobile workstation စီးရီးတွေပါ။ စားပွဲတင် Desktop Workstation တစ်လုံးလုပ်နိုင်တာကို ZBook ကလည်း လုပ်နိုင်တယ်၊ သယ်ဆောင်ယူသွားလို့ ရတာပဲ ကွာတာပါ။ ဒီအတွက်ကြောင့် ZBook ဟာ ပိုကြီးပြီး ပိုမိုလေးလံပါတယ်။
ZBook တွေဟာ dedicated GPU နဲ့ heavy CPU processing တွေအတွက် အဆုံးစွန် အကောင်းမွန်ဆုံးသော ပါဝါကို ပေးပါတယ်။ ဒါကြောင့် ဖန်တီးရှင် creators တွေကို target ထားပါတယ်။ ဈေးလည်းကြီးတဲ့အတွက် အချို့ HP စီးရီးတွေထက် ဈေးပိုများတယ်လို ထင်မှတ်မိစေမှာပါ။
ZBook တွေမှာ စီးရီးခွဲ အတော်များများရှိတယ်။
HP OMEN
"OEM by HP" လို့လည်းခေါ်ကြတဲ့ HP OMEN ကတော့ ဂိမ်းကစားသူ Gamer တွေကို ပစ်မှတ်ထား ထုတ်လုပ်တဲ့ လက်တော့ပ်စီးရီးတွေ ဖြစ်ပါတယ်။ ဘတ်ဂျက်ချွေတာဖို့အတွက်လည်း စီမံထားပေးပါသေးတယ်။ Gamers တွေကို အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်ရှိ ထုတ်ကုန်ပစ္စည်း ပေးစွမ်းနိုင်ဖို့ လက်တော့ပ်မှာ dedicated graphic card (သီးသန့်ဂရပ်ဖစ်ကဒ်) နဲ့ အစွမ်းထက်တဲ့ CPU ကို အသုံးပြုပေးထားပါတယ်။
OMEN လက်တော့ပ်အားလုံးဟာ ၁၆.၁ ဒါမှမဟုတ် ၁၇.၃ လက်မအကျယ်ရှိတဲ့ စခရင်အရွယ်အစားတွေနဲ့ လာပါတယ်။ 3 ms response time နဲ့ 2560 × 1440 resolution ရှိတဲ့ screen တွေဟာ အနှိမ့်ဆုံး စောင့်ဆိုင်းချိန် minimum latency ရှိစေဖို့ အကောင်းဆုံးရွေးချယ်ခွင့်ကို ပေးထားပါတယ်။ Core i7, Core i9, Ryzen 5, ဒါမှမဟုတ် Ryzen 7 လို နောက်ဆုံးပေါ် AMD Ryzen မဟုတ်ရင်လည်း Intel CPU တွေ သုံးထားပါတယ်။
ပါဝါကို ပလပ်မထိုးထားပဲနေရင် ဘက်ထရီအား ကုန်တာမြန်တဲ့အတွက် OMEN လက်တော့ပ်တွေဟာ လူတိုင်းအတွက်တော့ အဆင်မပြေပါဘူး။ စက်လည်ပတ်မှုစနစ်ထဲမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ကလိပြီး ဘက်ထရီစွမ်းဆောင်ရည်ကောင်းဖို့ လုပ်တာတောင် ဘက်ထရီ backup က ကျနေအုံးမှာပါ။ ဒါကြောင့် မိမိအချိန်အများစုကို ဂိမ်းကစားဖို့အတွက် ပေးနိုင်မှ HP OMEN ကွန်ပျူတာကို ရွေးချယ်ဝယ်ယူပေါ့။
HP Essential
HP Essential ဟာ သာမန်လိုအပ်ချက်အတွက်နဲ့ ကွန်ပျူတာကို အသုံးပြုလေ့ အသုံးပြုထရှိသူတွေ သုံးရအောင် ဖန်တီးထားတဲ့ ဈေးနုန်းချိုသာတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ဒီအတန်းအစားထဲက မိုဒယ်တွေမှာ "Essential" ဆိုတဲ့စာလုံးတော့ မပါရှိကြပါဘူး။ အဲဒီအစား "HP 255 G9 Notebook" ဒါမှမဟုတ် "HP 17t-cn300" လိုမျိုး နာမည်တွေနဲ့ လာပါတယ်။ ၁၄ လက်မ ကနေ ၁၇.၃ လက်မ အကျယ်ရှိတဲ့ စခရင်အရွယ်အစား အမျိုးမျိုးနဲ့ လာတာပါ။ တချို့က သီးသန့် ဂရပ်ဖစ်ကဒ် ပါပြီး တချို့ကတော့ ပေါင်းစုထည့်သွင်းထားတဲ့ ဂရပ်ဖစ်နဲ့ပါ။ နောက်ဆုံးပေါ် AMD ဒါမှမဟုတ် Intel processor တွေကို ရွေးယူလို့ ရမှာဖြစ်ပါတယ်။
HP Essential စီးရီးတွေဟာဆိုရင် အိမ်သုံး ရုံးသုံးနဲ့ လုပ်ငန်းငယ်လေးတွေအကြား ပေါ်ပြူလာဖြစ်လို့နေပါတယ်။ ဒါကတော့ အခြားသော HP လက်တော့ပ်အမျိုးအစားတွေထက် များစွာဈေးသက်သာတဲ့အတွက်ကြောင့်ပါ။
HP Victus
HP OMEN တွေလိုပဲ HP Victus ဟာ စရိတ်သက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့ နောက်ထပ် Gaming laptop စီးရီးတစ်ခုပါ။ ဈေးပိုသက်သာသလို နောက်ဆုံးပေါ်နည်းပညာတွေကို သုံးထားတာမဟုတ်လို့ Victus ဟာ HP OMEN အောက် ပိုညံ့တယ်လို့ ပြောနိုင်မှာပါ။ ဥပမာ HP OMEN မှာ i7 နဲ့ရနိုင်တဲ့စက်ကို Victus မှာကျ Core i5 နဲ့ပဲ ရတာမျိုးပါ။
ကုန်ကျစရိတ် အနည်းငယ် လျော့ချပေးထားတာကလွဲရင် Victus စီးရီးကို ဂိမ်းကစားဖို့အတွက် အကောင်းဆုံးဖြစ်မယ့် ဟာဒ်ဝဲပစ္စည်းတွေနဲ့ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ အများအားဖြင့်တော့ သီးသန့် GPU ထည့်ထားပေးပါသေးတယ်။ Victus ကွန်ပျူတာတွေဟာ ပီစီအတွက် အဓိကထိန်းချုပ်မှုအဖြစ် OMEN Gaming Hub ကို အသုံးပြုထားဆဲပါပဲ။
HP Mobile Thin Client (MT)
Mobile Thin Client တွေဟာ ငွေကြေးချွေတာရေးနဲ့ လိုက်ဖက်မယ့် HP ရဲ့ ပါးလွှာတဲ့ ကွန်ပြူတာတွေ ဖြစ်ပါတယ်။ ဒီကောင်တွေက Intel Celeron ဒါမှမဟုတ်ရင်လည်း Ryzen 3 လို အနိမ့်ဆုံးစာရင်းဝင် စီပီယူတွေနဲ့ လာလေ့ရှိပြီး ကြီးကြီးကျယ်ကျယ် ဟာဒ်ဝဲတွေ မပါပါဘူး။
သယ်ယူရလွယ်ဖို့၊ နေရာယူသက်သာဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်လို့ ဒီလက်တော့ပ်တွေနဲ့ အရင်းအမြစ်အသုံးကြမ်းတဲ့ လုပ်ငန်းဆောင်တာတွေကို သုံးလို့မရပါဘူး။ အဲဒီအစား Pos Systems ဒါမှမဟုတ် kiosk devices တွေလိုမျိုး ဝက်ဘ်အခြေပြု applications တွေမှာ သုံးကြပါတယ်။ ဒါဟာ HP MT devices တွေက ၁၄ လက်မ စခရင်နဲ့လာပြီး ချိတ်ဆက်ဖို့အတွက် ports တွေနည်းနည်းပဲပါတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။