ယနေ့ဖတ်စရာ
ပင်လောင်းမြို့နယ်
ပင်လောင်းမြို့နယ်သည် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၆၅ မိနစ်အကြား၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ်နှင့် ၂၀ ဒီဂရီ ၁၈ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ညောင်ရွှေမြို့နယ်၊ အနောက်ဘက်တွင် နေပြည်တော် ပြည်တောင်စုနယ်မြေ၊ တောင်ဘက်တွင် ဖယ်ခုံမြို့နယ်၊ မြောက်ဘက်တွင် ကလောမြို့နယ်တို့နှင့် ထိစပ်နေသည်။ တောင်မြောက်အကျယ် ၃၂ မိုင်၊ အရှေ့အနောက် ၄၈ မိုင်ရှိပြီး ၁၂၉၃.၄၂၅ မိုင်ကျယ်ဝန်းသည်။ မြို့နယ်အတွင်း၌ နောင်တရားမြို့နယ်ခွဲနှင့် ပေါင်းလောင်းမြို့သစ်အပါအဝင် မြို့ ၃ မြို့နှင့် ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာပေါင်း ၄၃၄ ရွာပါဝင်ဖွဲ့စည်းထားသည်။

စီးပွားရေး
ပင်လောင်းမြို့နယ်၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်၊ တောင်ယာစပါး၊ ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်း၊ ဂေါ်ရခါး၊ ပဲပုတ်စေ့၊ လိမ္မော်နှင့် လက်ဖက်တို့ကို အဓိကစိုက်ပျိုးကြသည်။ ပင်လောင်းမြို့နယ်သည် ရှမ်းပြည်တောင်ပိုင်းတွင် လက်ဖက်စိုက်ဧက အများဆုံးရှိရာ မြို့နယ်ဖြစ်သည်။ မိုးဗြဲဆည်နှင့်နီးရာကျေးရွာများ၊ ပေါင်းလောင်းဆည်အနီးရှိ ကျေးရွာများတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည်များရှိ၏။ ခိုင်းစေရန် ကျွဲ၊ နွားများနှင့် စားသုံးရန် ကြက်၊ ဝက် တပိုင်တနိုင်မွေးမြူကြသူများလည်းရှိသည်။ မြို့နယ်အနောက်ဘက်ခြမ်းမှာ ရမည်းသင်း မိုးထိမိုးမိ ရွှေလုပ်ကွက်နှင့် ထိစပ်နေပြီး ပေါင်းလောင်းမြစ်တစ်လျှောက် ရွှေရှာသူအချို့ရှိသည်။
တီကျစ် ကျောက်မီးသွေးလောင်စာသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံသည် ပင်လောင်းမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကျောက်မီးသွေးလောင်စာသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ရုံအနက် တစ်ရုံအပါအဝင်ဖြစ်သည်။ ဘိလပ်မြေစက်ရုံလည်းရှိသည်။
လူဦးရေနှင့် လူမျိုးများ
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ ပင်လောင်းမြို့နယ်၏ လူဦးရေမှာ ၁၈၇၂၃၃ ဦးဖြစ်ပြီး ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ တောင်ရိုး၊ ဇယိန်၊ ကရင်၊ ကယား၊ အင်းသားနှင့် အခြားသောတိုင်းရင်းသားများ နေထိုင်ကြသည်။ မြို့နယ်တွင်းနေ လူဦးရေ၏ ၇၃.၆၇၇ ရာခိုင်နုန်းမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြသည်။
သမိုင်းကြောင်း
ပုဂံခေတ်နှင့် တောင်ငူခေတ်ဖြစ်သော ခရစ်သက္ကရာဇ် (၁၀၄၄-၁၇၅၂) နှစ်များအတွင်း ယခု ပင်လောင်းဟုခေါ်သည့် လွယ်လုံဒေသသို့ ကျိုက်ထို၊ ကျိုက္ခမီနယ်သား ကရင်များ၊ သထုံနယ်သား ပအိုဝ်းများနှင့် ကွန်ဟူ ရှမ်းအနွယ်များ အဆင့်ဆင့်ရောက်ရှိနေထိုင်လာခဲ့ကြသည်။ ပထမဦးဆုံး ဝင်ရောက်လာသူ ဇယိန်များတည်ထောင်ခဲ့သော ဘန့်ဘာရွာ၌ မုဆိုးမတစ်ဦး၏သမီး မစီးထာ (ခ) နန်းမူဆိုသူမှ ခရစ်သက္ကရာဇ် (၁၇၆၃-၁၇၇၈) နှစ်များအတွင်းက တတိယကုန်းဘောင်မင်းဆက်၊ ဆင်ဖြူရှင်မင်းလက်ထက်တွင် ဘုရင်အတွက် ဆင်ဖြူတော်တစ်ကောင် ကူညီဖမ်းဆီးပေးမှုအတွက် ရှင်ဘုရင်က ပင်လောင်းမြို့ဖြစ်လာမည့် ဒေသကို အုပ်ချုပ်စေပြီး အခွန်အတုတ်ကောက်ခံရေး နယ်နိမိတ်ပိုင်းခြားချီးမြှင့်ခဲ့သည်။ ဆင်ဖြူတော်ကို လုံးနဂါးပတ်စေတီရှိရာအရပ်၏ တောင်ဘက် ငှက်ပျောတောအတွင်း ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုရှိ၏။မစီးထာလွန်ပြီးနောက်ပိုင်းတွင် ဘန့်ဘာရွာကို လုံကျယ်ရွာအကြီးအကဲ လဆာက ကျူးကျော်သိမ်းပိုက်ပြီး အရှေ့ဘက်ရှိ နောင်ဝိုးနယ်နှင့် မြောက်ဘက်ရှိ ပင်မွန်းနယ်များကို ဆက်လက်သိမ်းကာ အုပ်ချုပ်ရေးနယ်မြေချဲ့ထွင်ခဲ့သည်။ ဘန့်ဘာရွာတွင် အခြေစိုက်သော ဇယိန်စော်ဘွား လတိန်၏ ညွန်ကြားချက်ဖြင့် ခရစ်နှစ် ၁၇၉၄ (မြန်မာနှစ် ၁၁၅၆) တွင် လလွီက ပင်လောင်းမြို့ကို ဦးစီးတည်တောင်ခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ် ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ရှမ်းပြည်ရှိစော်ဘွားများ အာဏာစွန့်လွတ်ကြရမှုနှင့်အတူ လွယ်လုံစော်ဘွားလည်း အာဏာစွန့်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၁၆ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၆ ရပ်ကွက်စုစည်းပြီး ပင်လောင်းမြို့အဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၁၀) ဖြင့် ပင်လောင်းမြို့နယ်ကို ကျေးရွာအုပ်စု ၂၅ အုပ်စုဖြင့်လည်းကောင်း သတ်မှတ်ခဲ့သည်။ မြေရှင်ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်အတွင်းက နယ်မြေများဖြစ်သော တီကျစ်နယ်၊ လွယ်မော်နယ်၊ နန်းတုတ်နယ်တို့မှာလည်း အသစ်ဖွဲ့စည်းသည့် ပင်လောင်းမြို့နယ်ထဲ ပါဝင်လာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၅-၁-၂၀၁၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပင်လောင်းမြို့နယ်ကို ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာ ၃၄၃ ရွာဖြင့် ဖွဲ့စည်းထားသည်။